နိဌိတန်သွားပြီ ဖြစ်တဲ့ မြမြ.. စိတ်မပူကြဖို့ မျှဝေပေးလိုက်ပါပြီ

နိဌိတံသွားပြီ ဖြစ်တဲ့ မြမြ

ကျောက်စိမ်းစက်ရုံ ဝန်ထမ်း ဧပြီလ မတိုင်ခင်ရှိ လူစာရင်း ၁၃၂၇ယောက်ရှိခဲ့ပြီး ယနေ့ ဧပြီလ၂၄ရက်နေ့ထိ ၁၃၂၇ဦးလုံး ရှိနေတဲ့အတွက် စက်ရုံဘက်က ပျောက်ဆုံးသူ တဦးမှ မရှိပါဘူး ပြောတယ်။

ထို့အတူ မွေ့ယာစက်ရုံ ပျောက်ဆုံးသူမရှိ။ ဘေးနား စက်ရုံတွေမှာ ပျောက်ဆုံးသူ မရှိတာမို့ မြမြ ခေါ် သီတာအေး ဟာ ဘယ်က ကိစ္စဖြစ်မလဲ မပြောတတ်ပါ။

လက်ရှိ စက်ရုံမှာ သီတာအေး ၂ယောက်ရှိပြီး အလုပ်ဆင်းလျှက်ရှိနေပါတယ်။

ကျောက်စိမ်းစက်ရုံ ၃နှစ်တာ စာရင်းဇယားများတိုက်ဆိုင် စစ်ဆေးချက်အရ မြမြ ခေါ် သီတာအေး ငါးသိုင်းချောင်း ဆိုတဲ့ နေရပ်လိပ်စာ အဖေ အမေနံမည်တွေနဲ့ တိုက်ဆိုင်သူ တဦးမှ မရှိဘူး ဖြစ်နေတယ်။

လက်ရှိစက်ရုံမှာ ငါးသိုင်းချောင်း လာရောက်လုပ်ကိုင်နေသူ ၂ဦးရှိပီး သူတို့ မြမြ ( ခေါ် ) သီတာအေး မသိကြဘူး မရှိဘူး ပြောတယ်။ တကယ်ရှိခဲ့ရင် အဲလောက်ထိ ဇာတ်မြှပ်နေစရာ မရှိ။

အွန်လိုင်းပျံ့နှံ့နေတဲ့ ဓာတ်ပုံ ကာယကံရှင် စက်ရုံဘက်က မဟုတ်ပါဘူး။ လက်ရှိ ပျောက်ဆုံးနေသူ မရှိတဲ့အတွက် သေဆုံးသူ မရှိနိုင်သေးပါ။

ဒါကြောင့် မြမြအတွက် စိုးရိမ်ပူပန်ကြသူများ လက်တလောအရ စိတ်အေးနေကြလို့ ရပါပြီ။

ထူးခြားမှုရှိခဲ့ရင် ရေးသားဖော်ပြပေးပါ့မည်။

လက်တွေ့ဖြစ်စဉ် အချက်အလက်များအရ မြမြ နိဌိတံပါပြီ။

အားလုံးခင်မင်လေးစားလျက်

#မန်းသားလေး

( မြမြ ဒုတိယအပိုင်းကိုတော့ ကျနော်ရေးသားမဲ့ မြမြရဲ့ ဖြစ်ရပ်မှန် အကြောင်း စာအုပ်မှာ စောင့်ဖတ်ကြပါတော့လို့)

မြမြဆိုသောအမျိုးသမီးငယ်ကဝိဥာဉ်ဘဝနှင့်ဝင်ပူးသည့်ဖြစ်စဉ်မှာ လတ်တလော လွဲချော်နေသေးဟုဆို

“မြမြ”ဆိုသောအမျိုးသမီးငယ်ကဝိဥာဉ်ဘဝနှင့်ဝင်ပူးသည့်ဖြစ်စဉ်မှာလတ်တလောတွင် လွဲချော်နေသေးကြောင်း ဒဂုံမြို့သစ်တောင်ပိုင်း မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညီညီကပြောသည်။

အဆိုပါ ဖြစ်စဉ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ကလည်းစိတ်ဝင်တစားရှိနေပြီး ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရန် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေကြကြောင်းလည်း သိရသည်။

“ဒါကတော့ ဒီအကြောင်းအရာကတော့ဝန်ကြီးချုပ်တင်မဟုတ်ဘူး သိတဲ့လူမည်သူမဆို စိတ်ဝင်စားမှာအမှန်ပဲလေ။ စိတ်ဝင်စားတာအပြင်ကို ဒီအပေါ်မှာ သက်ဆိုင်ရာရဲစခန်းတွေ ရဲတပ်ဖွဲ့တွေ အုပ်ချုပ်ရေးပိုင်းတွေကိုမေးတဲ့အခါမှာလည်း ဒီဖြစ်စဉ်မှာပါတဲ့ မိန်းကလေးရဲ့အမည်က စက်ရုံမှာမရှိဘူးဆိုတာသိထားရတယ်။ လက်ရှိလူမှုကွန်ရက်စာမျက်နှာပေါ်မှာပျံ့နှံ့နေတဲ့ ကိစ္စကိုမှန်တယ်ဆိုလည်းအမှန် မှားတယ်ဆိုလည်းအမှား တစ်ခုခုကိုတော့ အမြန်ဆုံးထုတ်ပြန်နိုင်ဖို့ ရဲတပ်ဖွဲ့တွေရောစက်ရုံနဲ့ပက်သက်တဲ့အလုပ်သမားအဖွဲ့တွေရော သူတို့တွေလည်း ဒီအပေါ်မှာကြိုးစားနေပါတယ်။ အခုအခြေအနေထိတော့ ဖြစ်စဉ်နဲ့လွဲနေတယ်လို့ သက်ဆိုင်ရာတွေပြောကြားထားတာကိုတော့ သိရှိထားတယ်” ဟု ယင်းကပြောသည်။

လက်ရှိအချိန်တွင် ကျောက်စိမ်းဖိနပ်စက်ရုံဘက်ကလည်း ၎င်းတို့၏အလုပ်သမားစာရင်းနှင့် ရောက်လာသောအလုပ်သမားများစာရင်းကိုပိုက်စိပ်တိုက် စစ်ဆေးရှာဖွေနေကြေကြောင်း၊သို့သော်လည်း မြမြ ဟူသောအမည်နှင့် မိန်းကလေးမတွေ့ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် သင်္ကြန်အကြိုနေ့က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် လိုင်စင်ရုံးအနီးတွင် အုပ်စုဖွဲ့၍မုဒိန်းကျင့်ကာအသတ်ခံခဲ့ရသည်ဆိုသောမိန်းကလေးငယ်တစ်ဦးက သူမအသတ်ခံခဲ့ရသည့်ဖြစ်စဉ်၊သူမအမည်၊မွေးရပ်ဇာတိနှင့် မိဘအမည်များကိုနှစ်ဆန်းတစ်ရက်နေ့(ဧပြီလ ၁၇ ရက်)တွင် အခြားအမျိုးသမီးငယ်ထံ ၀င်ပူး၍ကာပြောကြားခဲ့သောရုပ်သံဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်များတွင် ပျံ့နှံ့နေသော်လည်းယင်းကိစ္စနှင့် ပတ်သက်၍ တိုင်တန်းထားခြင်းမရှိသေးကြောင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရဲစခန်းကသိရသည်။

ယင်းနောက် ဧပြီလ ၂၃ ရက်ကလည်း မြမြဆိုသော အမျိုးသမီးငယ် အလုပ်လုပ်သည်ဆိုသည့်​ကျောက်​စိမ်းဖိနပ်​စက်​ရုံမှအလုပ်​သမတစ်​ဦးအားထပ်​မံ၍ ဝိဥာဉ်​ပူးကပ်​​ပြောကြားကြောင်း လူမှုကွန်ရက်တွင် ထပ်မံ ပျံ့နှံ့ခဲ့သည်။

အဆိုပါရုပ်သံVideo တွင် မြမြအမည်ရှိမိန်းကလေးငယ်​၀င်ပူးနေသည်ဆိုသော အမျိုးသမီးငယ်က မိမိ(မြမြ)မှာ ဧရာဝတီတိုင်းဒေသ ကြီးငါးသိုင်းချောင်းမှဖစ်ပြီးမိဘများမှာ ဦးသာအေးနှင့် ဒေါ်ခင်ကြည်ဖြစ်ကြောင်း၊လူသတ်သမားများမှာ အသားညိုကြောင်း၊အရပ်မြင့်သူတစ်ဦးပါပြီး စုစုပေါင်း သုံးဦးဖြစ်ကြောင်း၊မီးမလင်းသည့် ဓာတ်တိုင်အောက်အနီးတွင် မိမိအား သတ်ခဲ့ကြကြောင်း ပြောဆိုထားသည်ကိုတွေ့ရသည်။

စိုင်းမျိုးဟိန်းခန့်

ပုံစာ-မြမြဝင်ပူးသည်ဟုပြောနေသည်ဆိုသည့် အမျိုးသမီးငယ်များအားတွေ့ရစဉ် Pyi Myanmar